29 August 2013

Post တင်သူ- Unknown ဒီအချိန်မှာ 6:10 AM


မိုဘိုင်းဖုန်းတွေ ဝယ်တဲ့အခါ ကျွန်တော်တို့ ပုံပြ မြင်ကွင်း (Screen) အကြောင်း ပြောကြ ပါတယ်။ ၂၀၁၂ ခုနှစ် ထဲမှာ ခေတ်စား လာတဲ့ Screen ကတော့ AMOLED Screen ဖြစ်ပါတယ်။ တန်ဖိုးမြင့် စမတ်ဖုန်း တွေမှာပဲ ပါတဲ့ Screen အမျိုးအစား ဖြစ်ပြီး Samsung စမတ်ဖုန်း အမြင့်တွေမှာ တွေ့ရတာ များပါတယ်။ AMOLED တွေကို များသော အားဖြင့် Android စမတ်ဖုန်း တွေ မှာ တွေ့ရလေ့ ရှိပါတယ်။ AMOLED ဆိုတာ ဘာလဲ။ AMOLED ဆိုတဲ့ စကားလုံး တွေက Active Matrix Organic Light Emitting Diode ဆိုတာကို အတိုကောက် ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် Android OS သုံးစမတ်ဖုန်း အမျိုးအစားတွေမှာ တွေ့နိုင်တဲ့ Screen ပုံဖော်မှု နည်းပညာ လို့လည်း ဆိုနိုင်ပါ တယ်။ Samsung Handset တွေမှာ အတွေ့ရ များတယ်ဆိုတဲ့ ကိစ္စ ကလည်း AMOLED Panel ထုတ်လုပ်သူတွေထဲမှာ Samsung ဟာ အဓိက ထုတ်လုပ် သူတစ်ယောက် ဖြစ်နေလို့ပါ။ AMOLED လို့ခေါ်ပေမယ့် သူ့ရဲ့ အခြေခံ နည်းပညာက LED ပါပဲ။

ဒီနေ့ ကျွန်တော်တို့ရဲ့ လက်နှိပ် ဓာတ်မီးတွေမှာ သုံးတဲ့ LED မီးသီး နည်းပညာကိုပဲ အခြေခံ ပါတယ်။ AMOLED ရဲ့ ဖွဲ့စည်းပုံကို ကြည့်ရင် အလွှာ သုံးလွှာ နဲ့ ဖွဲ့စည်း ထားတာကို တွေ့ရပါမယ်။ အဲဒါတွေက Cathode (လျှပ်စစ်အမ သတ္တိဆောင် အလွှာ)၊ Organic အလွှာနဲ့ Anode (လျှပ်စစ်အဖို သတ္တိဆောင် အလွှာ) တို့ဖြစ်ပြီး အဲဒီအလွှာ သုံးခုကို Substrate လို့ခေါ်တဲ့ အခြေခံ အလွှာပေါ်မှာ ဆင့်ပြီး ထပ်ထားပါတယ်။ 
 
Substrate အလွှာထဲမှာ လျှပ်စီးပတ်လမ်း (Circuit) တွေရှိပါတယ်။ AMOLED စနစ်မှာ ထူးခြားတာက ရုပ်ပုံဖော်တဲ့ Pixel တွေကို Orgainc အလွှာကနေ သတ်မှတ် ပေးတာပဲ ဖြစ်ပါတယ်။ အဲဒီ အလွှာဆီကို စဉ်ဆက်မပြတ် ဝင်လာတဲ့ လျှပ်စစ်အား အပေါ် မူတည်ပြီး Pixel တွေကို သီးခြား ကွဲပြားတဲ့ အစက် (dot) ပုံစံနဲ့ စဉ်ဆက်မပြတ် ဖြစ်ပေါ် စေ ပါတယ်။ လျှပ်စစ်ဓာတ် ပို့လွှတ် တဲ့ နေရာကတော့ လျှပ်စီး ပတ်လမ်းရှိတဲ့ Substrate အလွှာဆီက ဖြစ်ပါတယ်။ Substrate အလွှာက လာတဲ့ လျှပ်စစ်ဟာ လျှပ်ဖို အလွှာ (Anode) နဲ့ လျှပ်မအလွှာ (Cathode) ဆီကို ပို့ပါတယ်။ အဲဒီလိုပို့ရင်း လျှပ်ဖို အလွှာနဲ့ လျှပ်မ အလွှာကြားမှာ ခံထားတဲ့ အော်ဂဲနစ် အလွှာကို ပါ သွားပြီး လှုပ်ဆော်ပါတယ်။

ရရှိတဲ့ လျှပ်စစ်ဓာတ် အပေါ် မူတည်ပြီး AMOLED Pixel လေးတွေဟာ ပေါ်သင့်တဲ့ နေရာမှာပေါ် ပျောက်သင့်တဲ့ နေရာမှာ ပျောက်ရင်း ပုံဖော်တဲ့ အလုပ်ကို လုပ်သွားပါတယ်။ သမားရိုးကျ ဖလင်သုံးပြီး ရုပ်ပုံ ဖော်တဲ့ စနစ်ထက် စာရင် AMOLED LED ရဲ့ ပုံဖော်နှုန်းဟာ ၃ ဆပိုပြီး မြန်ပါတယ်။ ဒါကြောင့် ဒီပုံဖော်နည်း စနစ်ဟာ LED အရည်ဖြည့်သွင်း ထားတဲ့ ပုံဖော်စနစ်မှာ ရုပ်သေပုံတင်မက အလျင် အမြန် လှုပ်ရှားနေတဲ့ ပုံတွေကိုပါ ဖော်ကြည့်ဖို့ အကောင်း ဆုံးစနစ် ဖြစ်လာပါ တယ်။ AMOLED က ပုံဖော်ပေးတဲ့ ရုပ်ပုံလွှာတွေဟာ ကြည့်ရှုသူရဲ့ အာရုံမှာ အကြီးအကျယ် ကျေနပ်မှု ရစေပါတယ်။ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ ကြည့်ရာ မှာတင် မကဘဲ ဂိမ်းဆော့ရာ မှာလည်း ပုံဖော်ပေးမှုဟာ သိပ်ပြီး အဆင့်မြင့် ပါတယ်။ အရောင်မှန် ဖော်ပြနိုင်စွမ်းမှာ IPS စနစ်ကို မမီပေမယ့် လက်ကိုင် ဆက်သွယ်ရေး ပစ္စည်း အတော်များများ ပေါ်မှာတော့ သူ့ရုပ်ထွက်ဟာ ကျန်တဲ့ စနစ်တွေမှာ ထက်သာပါတယ်။ မိုဘိုင်းဖုန်း အတော်များများကို နေပူထဲမှာ ထုတ်ကြည့်ရင် မြင်ကွင်းပေါ်က စာနဲ့ အရုပ်တွေ ကြည့်ဖို့ အတော် ခက်ခဲပါတယ်။ ဒါပေမဲ့ AMOLED စနစ်သုံးဖုန်း တွေ ကို နေရောင်ခြည် ထဲမှာ ကြည့်ရင်လည်း အရုပ်တွေ စာတွေကို အတော် ကောင်းကောင်း မြင်နိုင်တာက သူ့ထူးခြားချက်ပါ။

AMOLED ရဲ့ တခြား အားသာချက် တွေကို ကြည့်ရင် Response time မြန်တာ ကိုလည်း တွေ့နိုင်ပါတယ်။ ဒီနေ့ ခေတ်မှာ ဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူ တာ မော်နီတာပဲ ဖြစ်ဖြစ် Screen ရဲ့ အစွမ်း သတ္တိကို တိုင်းတာရာမှာ Response time ကို အရေးကြီး အချက်တစ်ခု အဖြစ် ထည့်ပြီး စဉ်းစားပါတယ်။ Response time မြန်ပါမှ ဘောလုံး ပွဲတွေ၊ အက်ရှင် ဇာတ်ကားတွေ ကြည့်တဲ့ အခါမှာ ဝေ၀ါးခြင်းကင်းတဲ့ ရုပ်ပုံတွေကို မြင်ရပါမယ်။ ဟိုးအရင် ခေတ်တွေ တုန်းက Response time နှေးတဲ့ Screnn ပေါ်မှာ လှုပ်ရှားမှု မြန်တဲ့ ရုပ်ပုံတွေ ကြည့်ရင် ရုပ်ပုံတွေ ဝါးပြီး အတန်းလိုက်ပါ သွားတာကို မြင်ဖူး ကြမှာပါ။ 
 
AMOLED က Refresh Rate လည်း ပိုပြီး ကောင်းပါတယ်။ ကွန်ပျူတာ မော်နီတာတွေမှာ ကြည့်ရင် Refresh Rate ရဲ့ အရေးပါမှုကို သတိထား မိပါ လိမ့်မယ်။ တကယ်တော့ screen ပုံပေါ်မှာ ပုံဖော်တဲ့ အခါ ပုံက အသေနေတာ မဟုတ်ပါဘူး။ ရှေ့ပေါ်တဲ့ ပုံတစ်ခု နေရာမှာ နောက်ပုံ တစ်ခုက လိုက်ပြီး အစားထိုး နေတာ ဖြစ်ပါတယ်။ အစားထိုးတဲ့ နှုန်းက မြန်တဲ့ အတွက် အစားထိုး လိုက်မှန်း မသိပါဘူး။ ကျွန်တော်တို့ လူတွေရဲ့ ကိုယ်ပေါ်က လပ်စည်းတွေ အသားစိုင် တွေလိုပေါ့။

အဲဒီကလပ်စည်းတွေ အသားစိုင်တွေက စက္ကန့်ပိုင်းနဲ့ ချီပြီး ပျက်နေတာပါ။ နောက်ကလိုက်ပြီး အစားထိုးနှုန်းက မြန်တော့ ပျက်နေမှန်း မသိရဘူး။ ကိုယ့်ရှေ့မှာ ထိုင်နေတဲ့လူရဲ့ မျက်နှာဟာ လွန်ခဲ့တဲ့ တစ်နာရီက မျက်နှာမဟုတ်ပါဘူး။ အားလုံးအသစ်နဲ့ အစားထိုး လဲလှယ်ထားတဲ့ မျက်နှာဖြစ်ပါတယ်။ ပုံဖော်မြင်ကွင်း (မျက်နှာပြင်) တွေ ပေါ်မှာလည်း ဒီအတိုင်းပါပဲ။ ရှေ့က ပုံကိုနောက် ကလိုက်ပြီး အစားထိုး တဲ့နှုန်းကနှေးရင် ပုံဖော်မျက်နှာပြင် မြင် ကွင်းတဖျတ်ဖျတ် ခတ်နေတယ်။ တစ်နည်းပြောရရင် မျက်တောင်ခတ် နေတယ်လို့ ကျွန်တော်တို့ ခံစားရပါ တယ်။ အဲဒီမြင်ကွင်းကို အကြာကြီး ကြည့်ရရင် ခေါင်းကိုက်တဲ့အပြင် မျက်ရည်ပူတွေပါ ကျလာပါလိမ့် မယ်။ AMOLED မှာက နောက်ပုံတွေ လိုက်ပြီး အစားထိုးနှုန်းမြန်တော့ ပုံဖော်မျက်နှာပြင် က ငြိမ်နေတယ်လို့ ခံစားရပါတယ်။ မျက်လုံးကို သက်သာမှု ရစေပါတယ်။ AMOLED မှာ သဘောကျစရာ အကောင်းဆုံးက ပါဝါအစားသက်သာ တဲ့အချက်ပါ။ ဒါကြောင့် အရွယ်အစားတူတဲ့ ဘက်ထရီကိုသုံးတယ်ပဲထား AMOLED သုံးတဲ့ဖုန်းမှာက ဘက်ထရီ ပိုပြီးအသုံးခံ တယ်ဆိုတာ တွေ့ရပါလိမ့် မယ်။ LED ပုံပေါ် မျက်နှာပြင်စနစ်မှာကတည်းက ဘက်ထရီ အစား သက်သာပြီးသားပါ။ ဒါပေမဲ့ AMOLED မျိုးကွဲတွေအပေါ် မူတည်ပြီး ဘက်ထရီအစားနှုန်း ကွာခြားမှုလေးတွေတော့ ရှိပါတယ်။

ဘက်ထရီရဲ့ စွမ်းအင် သိုလှောင်နိုင်မှု အရည်အသွေးကို မြှင့်မတင်နိုင်မီစပ်ကြားမှာ ဒီကိစ္စဟာ အရေးပါပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာ ကမ္ဘာ့နိုင်ငံ အတော်များများက 4G ဆက်သွယ်ရေးစနစ်ကို ပြောင်းပြီးသုံးကြလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ လည်း တစ်စိတ်တစ်ပိုင်း 4G ပြောင်း ပြီးသုံးမှာပါ။ 4G က 3G စနစ်မှာထက် စာရင် ပါဝါအစားပိုပြီးကြမ်းပါတယ်။ အဲဒီအချိန်မှာ AMOLED Screen ပဲ စမတ်ဖုန်းတွေကို တစ်နေကုန်အောင် အသုံးခံစေပါလိမ့်မယ်။ ဒီနည်းပညာ ကြောင့်အကျိုးရှိမယ့်အထဲမှာ Tablet တွေလည်း ပါလာပါလိမ့်မယ်။ AMOLED နည်းပညာဟာ ရှေ့ဆက်ပြီးသွားနေပါတယ်။ သူ့ကို အကျိုး အရှိဆုံးဖြစ်အောင် ကုမ္ပဏီအမျိုးမျိုးက နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ဆောင် အသုံးချနေပါတယ်။ ဒါကြောင့် AMOLED မျိုးကွဲတွေလည်း ပေါ်လာပါတယ်။ အဲဒါတွေကတော AMOLED, SUPER AMOLED, SUPER AMOLED PLUS, SUPER AMOLED ADVANCED နဲ့ HD AMOLED PLUS တို့ဖြစ်ပါတယ်။ အဲဒီ မျိုးကွဲတွေကို Android Handset အမျိုးမျိုးမှာတွေ့နိုင်ပါတယ်။ AMOLED ကို သိသင့်သလောက်သိပြီးပြီမို့ ကျန်တဲ့မျိုးကွဲ တချို့အကြောင်း ရှင်းပြပါမယ်။

Super AMOLED ဆိုတာက Smsung ကပေးတဲ့နာမည်ပါ။ သူ့ကုမ္ပဏီထုတ် စမတ်ဖုန်းရဲ့ ပုံဖော်မျက်နှာပြင်မှာ သုံးဖို့ပေးခဲ့တဲ နာမည်လည်း ဖြစ်ပါတယ်။ ဒီစနစ်မှာ Screen ပေါ်မှာ လက်နဲ့တို့တာကို အာရုံခံပြီး ဒစ်ဂျစ်တယ်ပုံစံ ပြောင်းပေးတဲ့ Digitizer ပါပါတယ်။ Super AMOLED သုံးထားတဲ့ Screen တွေ ဟာ ကြည့်ရှုရတာဟာ ရိုးရိုး AMOLED မှာထက် သိသိသာသာ ပိုကောင်း ပါတယ်။ Screen ကို နေရောင်ထဲမှာ ကြည့်ရင်လည်း အဆင်ပြေပြေ ကြည့် နိုင်ပါတယ်။ ဟိုဘက်နှစ်တွေမှာ နာမည်ကျော်ခဲ့တဲ့ Samsung Galaxy S, Google Nexus S နဲ့ Samsung Focus Handset တွေမှာ ဒီနည်းပညာကို သုံး ပါတယ်။ Super AMOLED Plus ကတော့ Galaxy SII နဲ့အတူ နာမည်ကျော် လာတဲ့ နည်းပညာဖြစ်ပါတယ်။ ရှေ့မှာထွက်ခဲ့တဲ့ AMOLED နဲ့ Super AMOLED တို့နဲ့စာရင် သူက ပါဝါအစား ပိုသက်သာပြီး Screen မှာပေါ်တဲ့ ပုံတွေကိုလည်း ပိုပြီးတောက်ပစေပါတယ်။ Samsung Infuse 4G Samsung Galaxy SII နဲ့ Samsung Droid Charge တွေမှာ ဒီနည်းပညာကို သုံးခဲ့ပါတယ်။ Super AMOLED Advanced ကတော့ Motorola က ထုတ်ဖော်ခဲ့တဲ့ နည်းပညာ ဖြစ်ပါတယ်။

Super AMOLED တွေမှာထက် ပိုပြီးတောက်ပတဲ့ ရုပ်ပုံတွေကို ထုတ်ဖော်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဓိက အားသာချက် က ပိုပြီး Resolution ကောင်းတဲ့ Screen တွေကို အထောက်အပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ တခြားသော AMOLED စနစ်တွေက 800*480 (WVGA) ကို အထောက် အပံ့ပေးနိုင်ချိန်မှာ သူက 960*540 (q HD) ကို အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒီပုံဖော် နည်းပညာကိုတော့ Motorola Droid RAZR မှာ တွေ့နိုင်ပါ တယ်။ Hd AMOLED PLUS ကတော့ HD Screen Resolution ဖြစ်တဲ့ 1280*720 ကို ပုံဖော်နိုင်တဲ့နည်းပညာပါ။ ဒီနည်းပညာက ပိုပြီးတိုးတက် လာပြီမို့ အခုဆိုရင် Full HD (1920*1080) ကိုတောင် အထောက်အပံ့ပေး နိုင်ပါတယ်။ Samsung Galaxy Tab 7.7, Samsung Galaxy SIII နဲ့ Samsung Galaxy Note တွေမှာ HD AMOLED နည်းပညာသုံးထားတာ တွေ့နိုင်ပါတယ်။ AMOLED က ပိုကောင်းတဲ့ ရုပ်ထွက်ကို ပေးတယ်ဆိုပေမယ့် လူတိုင်း အတွက် လိုအပ်ချင်မှ လိုအပ်မှာပါ။ သာမန် AMOLED Screen သုံးထားတဲ့ Handset တွေ တောင် အတော်ဈေးကြီးနေပြီဆိုတော့ သူ့ထက်ပိုကောင်းတဲ့ AMOLED ဟာ ဈေးအရမ်းကြီးမယ်ဆိုတာ သံသယမရှိပါနဲ့။ အဲဒီတော့ AMOLED သုံးသင်၊့ မသုံးသင့် စဉ်းစားမယ်ဆိုရင် (၁) မိတ်ဆွေဟာ ပိုက်ဆံကို ခပ်ချောင်ချောင်ရှာလို့ရပြီး ခပ်ပေါပေါ သုံးတတ်သလား။ (၂) ဖုန်းပေါ်က ရုပ်ထွက်ဟာ အပျံတကာ့ အပျံစားဖြစ်မှ ကြိုက်တာလား။ (၃) ဘက်ထရီ ပြန်ပြီး အားသွင်းဖို့ မလွယ်တဲ့ နေရာတွေမှာချည်း ဖုန်းကို တစ်လျှောက်လုံး သုံး နေရသလား။ (၄) ဖုန်းပေါ်မှာ ဂိမ်းဆော့တဲ့အလုပ်နဲ့ ဗီဒီယိုကြည့်တဲ့ အလုပ်ကို ဝါသနာထုံသလားဆိုတဲ့ အချက်လေးချက်ပေါ် မူတည်ပြီး စဉ်းစားသင့်ပါတယ်။
 
Ref : yoyarlay

0 အကြံပြုစာရေးရန်:

Post a Comment