Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-တစ်
Video Edit လုပ်နည်း လေ့ကျင့်ခန်းလေးတွေကို တောင်းထားတဲ့လူလည်းများသလို ကျနော်လည်း တင်ပေးချင်နေတာ ကြာပါပြီ..။ လွယ်ကူပြီး အခြေခံလုပ်နည်းလေးတွေလည်း ဖြစ်မယ့် အပိုင်းလေးတွေကို စဉ်းစားရင်း ပုံတွေ ထုတ်လိုက်တာ အတော်လေးများသွားပါတယ်..။ ဒါကြောင့် အပိုင်း ၁-၂-၃ စသဖြင့် အပိုင်းလေးတွေနဲ့ ပိုစ့်တွေခွဲပြီး တင်ပေးပါ့မယ်..။ ဒီနေ့ပိုစ့်မှာတော့ MP4 video ဖိုင်လေးတွေနဲ့ လုပ်ပြပေးထားပြီး တခြား video ဖိုင်တွေကိုလည်း ဒီနည်းတွေနဲ့ပဲ လုပ်ယူတာဖြစ်ပါတယ်..။ အဓိက ကတော့ ပုံထွက်ကောင်းဖို့၊ video ဆေးသား ဆေးရောင်လှဖို့နဲ့ အသံကြည်လင်ဖို့ ဆိုရင် မိမိတို့ ဖြတ်ဆက်ထည့်မယ့် Video ဖိုင်က ဖိုင်ဆိုဒ်ကြီးကြီးနဲ့ ဒေါင်းယူတတ်ဖို့လိုပါတယ်..။ ဥပမာ ဒီပိုစ့်မှာ လုပ်ပြထားတဲ့ video ဖိုင်တွေဆိုရင် MP4 width နဲ့ height မှာ 1280x720 ဆိုဒ်တွေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်..။ အသေးဆုံးဆိုရင်တော့ MP4 960x720 လောက်ထိပဲ ဆိုဒ်သေးတာ ကောင်းပါတယ်..။ သူ့ထက်ဆိုဒ်သေးလွန်းရင် ရုပ်ပုံတွေ အထွက်မှာ ဝါး သွားတတ်ပါတယ်..။ ဆိုဒ်ကြီးရင်တော့ ဘယ်လောက်ကြီးကြီး ဆိုဒ်ကြီးလေး video edit လုပ်တဲ့အခါ ရုပ်ထွက်နဲ့ ဆေးရောင်တွေ လှလေပါပဲ..။
မိမိတို့ကိုယ်ပိုင် ကင်မရာနဲ့ ရိုက်ယူထားတဲ့ video ဖိုင်တွေဆိုရင်တော့ စက်ပစ္စည်းပေါ်မူတည်ပြီး ပစ္စည်းကောင်းရင် ကောင်းသလို video တွေလည်း ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်..။ အဓိက ကတော့ မူရင်းကောင်းမှ ဖြတ်ဆက်လုပ်တဲ့အခါ video ရုပ်ထွက် ကောင်းမှာပါ..။ ဒီ video editing အခြေခံ လုပ်နည်းလေးတွေကို လေ့လာခါစလူသစ်တွေအတွက် အသုံးပြုရလွယ်ကူစေမယ့် Cyberlink Power Director 11 နဲ့ လုပ်ပြပေးထားပြီး.. ဒီဆော့ဝဲလ်ကို မရှိသေးတဲ့သူများနဲ့ လိုအပ်တဲ့သူများ ဒေါင်းယူလို့ရအောင် ဒီပိုစ့်နှင့်အတူ ပြန်တင်ပေးလိုက်ပါတယ်..။
Cyberlink Power Director 11 ကို ဟိုးအရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ အခုက အဲ့ဒီကောင်လေးကို ပြန်တင်ပေးလိုက်တာပါ..။ သုံးရအဆင်ပြေလို့ ကျနော်မကြာခဏအသုံးပြုတဲ့ဆော့ဝဲလ်လေးပါ..။ အောက်ကပုံလေးအတိုင်း ဒီကောင်လေးကို Install ထည့်တဲ့အခါမှာတော့ Setup ဖိုင်ကို အရင် ထည့်ပါ..။ Setup ဖိုင်ကို Install ပြည့်ရင်ပိတ်ပစ်လိုက်ပြီးမှ Update ဖိုင် ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ရသွားပါပြီ..။
အသုံးပြုဖို့ဖွင့်လိုက်တဲ့အခါမှာတော့ အောက်ကပုံလေးအတိုင်း ကျနော်က 16:9 Screen အကျယ်နဲ့ အသုံးပြုပါတယ်..။ 4:3 ကို အသုံးပြုလိုတဲ့သူများကလည်း ၎င်းကို အသုံးပြုနိုင်ပါတယ်..။ ပြီးရင်တော့ Full Feature Editor ကို ရွေးပါ..။
အောက်ကပုံလေး ၃-ပုံမှာတော့ မိမိတို့ ထည့်သုံးလိုတဲ့ video နဲ့ သီချင်း mp3 or wav ဖိုင်ကို ဝင်ယူလို့ရတဲ့ နေရာလေးပါ..။
ကျနော် အသုံးပြုမယ့် သီချင်းတစ်ပုဒ်ကို အပေါ်ကပုံအတိုင်း ဝင်ယူလိုက်ပါတယ်..။ ပြီးရင်တော့ အသုံးပြုမယ့် video ဖိုင်ကိုလည်း အပေါ်ကနည်းအတိုင်း အပေါ်ကနေရာကနေပဲ အောက်ကပုံလေးအတိုင်း ဝင်ယူပါတယ်..။
ပြီးရင်တော့ video ဖိုင်ကို အောက်ကပုံလေးအတိုင်း ဖြတ်ဆက်လုပ်လို့ရတဲ့ Time Line 1. ရဲ့ ဖလင်ပုံလေး ပေါ်နေတဲ့နေရာ လိုင်းထဲ မောက်စ်နဲ့ ဖိဆွဲထည့်ပေးလိုက်ပါ..။ ကြည့်ရရှင်းအောင် မျဉ်းနီတွေနဲ့ ပြပေးထားပါတယ်..။ video ၊ သီချင်း၊ ပုံတွေနဲ့ Effects တွေကို Time Line ထဲ ဆွဲထည့်တဲ့အခါ အောက်ပုံလေးမှာ မျှားနီအောက်မှ (Shape) အရိပ်နဲ့ ပေါ်နေတဲ့အတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။
အရင်ဆုံး video တွေကို ဖြတ်ရမှာဖြစ်လို့ Time Line ထဲမှ ကြည့်လို့ ၊ လုပ်လို့ အဆင်ပြေမယ့် နေရာမှာ ခဏချထားလိုက်ပါ..။ အောက်ကပုံလေးအတိုင်း..
အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် OK ပေးလိုက်ပါ..။ နောက်တခုကတော့ အောက်ကပုံလေးတွေမှာ ပြထားတဲ့ မျှားနီပြထားတဲ့ နေရာလေးမှာ အရင်ဝင်ပြင်ထားပါ..။ အမှန်ခြစ်လေးတွေ ပေးထားလိုက်ပါ..။ High Preview Resolution နေရာကို ရွေးထားရင် video ကြည့်လို့ ကောင်းပေမယ့် စာသားတွေနဲ့ Effects တွေ နောက်မှ လိုက်ထည့်တဲ့အခါ ၎င်းနေရာမှာထားတဲ့အတွက် play ကြည့်တဲ့အခါ ထစ်ငေါ့ငေါ့ ဖြစ်နေတတ်ပါတယ်..။ အဲ့လိုဖြစ်နေရင်တော့ Normal Preview Resolution ဒါမှမဟုတ် Low Preview Resolution နေရာတွေကို ပြောင်းထားပြီး စာသားနဲ့ သီချင်းကို ချိန်မှ အဆင်ပြေပါတယ်..။ Video Output ထုတ်ရင်တော့ ဒီ Preview Resolution နေရာမှာ မြင်ရတဲ့အတိုင်း ပေါ်မှာမဟုတ်ပါဘူး..။ MP4 or AVI or MPEG2 စတဲ့ video ဖေါ်မတ်တွေရဲ့ Quality အတိုင်း ဖန်တီးပေးမှာ၊ ပေါ်လာမှာ ဖြစ်ပါတယ်..။
အပေါ်ပုံမှာတော့ TV Screen မှာ ပေါ်နေမယ့် အကျယ်အဝန်းကို ပြပေးတဲ့နေရာလေးပါ..။ ON ထားပြီး ချိန်ရင် ပိုအဆင်ပြေပါတယ်..။
အပေါ်ကပုံတွေအတိုင်း ချိန်ပြီးရင်တော့ အောက်ကပုံမှာ မြင်ရတဲ့အတိုင်း Time Line ထဲရောက်နေတဲ့ video ဖိုင်လေးပေါ်မှာ Right Click >> Unlink Video and Audio စာသားကို တချက်ကလစ်ပြီး video ရဲ့ ရုပ်နဲ့အသံကို ခွဲထုတ်ပါမယ်..။ မိမိတို့ ပစ်ထုတ်လိုတဲ့ video ထဲက အသံ သို့မဟုတ် ရုပ်ပုံတွေကို ဒီနည်းနဲ့ အသုံးပြုပြီး ခွဲထုတ် ပစ်ထုတ်လိုက်လို့ ရပါတယ်..။ ဒီမှာတော့ ကျနော်က video ရဲ့ ရုပ်ပုံတွေကိုပဲ ယူမှာဖြစ်လို့ အသံကို ထုတ်ပစ်ပါမယ်..။
အပေါ်ကပုံလေးအတိုင်း မိမိတို့ အသုံးမလိုတဲ့.. ဒီမှာတော့ အသံဖိုင်ပေါ်မှာ တချက်ကလစ်ပြီး၊ အသံဖိုင်ပေါ်မှာသာ အပြာရောင်လေးပေါ်နေမှ.. Right Click >> Remove နဲ့ ပစ်လိုက်ပါတယ်..။ Time Line ရဲ့ အပေါ်မှာရှိတဲ့ အမှိုက်ပုံလေးကို နှိပ်ပြီး ဖျက်ရင်လည်း အတူတူပါပဲ..။
အောက်ကပုံအတိုင်း video ရဲ့ ရုပ်ဖိုင်ပဲ ကျန်နေမှာ ဖြစ်ပြီး အသံဖိုင်ကိုတော့ ခွဲထုတ် ပစ်လိုက်ပါပြီ..။ မျှားနီပြထားတဲ့နေရာကတော့ ကျနော်တို့ video ရဲ့ ရုပ်ပုံတွေနဲ့ အသံဖိုင်တွေကို အကြီးချဲ့ကြည့်လိုတဲ့အခါ အောက်ကပုံလေးအတိုင်း မျှားပြထားသလို မောက်စ်ပုံလေး ပြောင်းသွားရင် ဆွဲချဲလိုက်လို့ ရပါတယ်..။
အောက်ကပုံအဆင့်မှာတော့ ကျနော်တို့ video ရဲ့ ရုပ်အပိုင်းတွေကို လိုချင်တဲ့နေရာလေးကိုပဲ ယူမှာဖြစ်တဲ့အတွက် video ကို play ကြည့်သော်လည်းကောင်း၊ Time Line ရဲ့ ပေတံလေးကို ဆွဲသွားလိုက်ရင်သော်လည်းကောင်း ချိန်ကြည့်ယူလို့ ရမှာ ဖြစ်ပါတယ်..။
နောက်တခုက အတိအကျ ဖြစ်လိုရင်တော့ play နေရာရဲ့ အပေါ်ဘေးမှ မိနစ်၊ စက္ကန့်တွေ တွက်ပေးတဲ့ ပြပေးထားတဲ့ နေရာအကွက်လေး ကနေလည်း လိုသလို ဂဏာန်းတွေ ရိုက်ထည့်ပြီး ချိန်ယူဖြတ်လို့ ရပါတယ်..။ ကျနော်တို့ အောက်ကပုံလေးအတိုင်း ဖြတ်မယ့်နေရာကို ရွေးယူပြီးရင်တော့ play ကို pause နဲ့ ရပ်ထားလိုက်ပါ..။ ပြီးရင် အောက်ကပုံလေးအတိုင်း Split စာသားလေးကို တချက်နှိပ်ပြီး ဖြတ်လိုက်ပါ..။
ဖြတ်မယ့်အပိုင်း ရှေ့အပိုင်း ဒါမှမဟုတ် နောက်အပိုင်းကို မောက်စ်နဲ့ တချက်ကလစ်ပါ..။ မိမိတို့ မောက်စ်နဲ့ ကလစ်လိုက်တဲ့အပိုင်းလေးကို အပြာရောင်လေးနဲ့ အောက်ကပုံလေးအတိုင်း မြင်ရမှာဖြစ်ပါတယ်..။ အဲ့ဒီအပိုင်းကို ပစ်ထုတ်မယ်ဆိုရင်တော့ မျှားပြာထားတဲ့ အမှိုက်ပုံးလေးကို တချက်နှိပ်ပေးလိုက်ပါ..။ ပြီးရင်တော့ အောက် ဒုတိယပုံလေးအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။
အပေါ်ပုံမှာ အဝါရောင်နဲ့ ပြထားတဲ့နေရာမှာ ဖြတ်ထုတ်ပစ်လိုက်တဲ့အပိုင်းလေး မရှိတော့ပါဘူး..။ အောက်ကပုံလေးမှာ video ဖိုင်ရဲ့ မလိုချင်တဲ့ နောက်ပိုင်း အပိုင်းလေးကို အပေါ်နည်းအတိုင်း ချိန်ကြည့်ပြီး ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။
အမှိုက်ပုံးလေးကို နှိပ်ပြီး ထုတ်ပစ်လိုက်လို့ရသလို Remove နဲ့ ထုတ်ပစ်လည်း ရပါတယ်..။ ဒါဆိုရင် ကျနော်လိုချင်တဲ့ အလယ်က အပိုင်းလေးကို ရရှိပါပြီ..။ အောက်ကပုံမှာ နောက် video တခုကို အပေါ်ပိုင်းကနည်းအတိုင်း မောက်စ်နဲ့ဖိဆွဲပြီး ယူထည့်ပါတယ်..။
ပြီးရင်တော့ အပေါ်ဆုံးမှာ အသုံးပြုခဲ့တဲ့ နည်းတွေအတိုင်းပဲ video ရဲ့ ရုပ်နဲ့အသံကို Time Line ထဲရောက်နေတဲ့ video ဖိုင်လေးပေါ်မှာ Right Click >> Unlink Video and Audio စာသားကို ကလစ်ပြီး ခွဲထုတ် ၊ အမှိုက်ပုံးလေးကို နှိပ်ပြီး ပစ်ထုတ်လိုက်ပါတယ်..။ အောက်ကပုံလေးအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ မျှားဝါနဲ့ ပြထားတာကတော့ ဒီ video ရဲ့ ရှေ့နဲ့ နောက်ပိုင်း မလိုတဲ့ အသုံးမပြုလိုတဲ့ အပိုင်းတွေကို play or Time Line ပေတံလေးနဲ့ ချိန်ကြည့်ပြီး အပေါ်ကလုပ်နည်းအတိုင်း Split နဲ့ ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။
Split နှိပ်ပြီးရင်တော့ အမှိုက်ပုံးလေးကို ဆက်နှိပ်ပြီး ထုတ်ပစ်လိုက်ပါ..။ အောက်ကပုံမှာလည်း အဝါရောင်နဲ့ ပြပေးထားတဲ့ အပိုင်းကို Split >> Remove အမှိုက်ပုံလေးကို နှိပ်ပြီး ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။
အပေါ်ပုံတွေအတိုင်း ဖြတ်ထုတ်ပြီးသွားရင်တော့ ကျနော်လိုချင်တဲ့ အလယ်က အပိုင်းလေးကို အောက်ကပုံလေးအတိုင်း မျှားနီနဲ့ ပြထားသလို မောက်စ်နဲ့ ဖိဆွဲပြီး ရှေ့ က ဖြတ်ထားပြီးသား video အပိုင်းနဲ့ သွားဆက်ပေးလိုက်ပါတယ်..။ မောက်စ်က အောက်ကပုံမှာ မြင်ရတဲ့ လက်ပုံလေးအတိုင်း ပေါ်နေရင် video ဖိုင်တွေကို ရှေ့နောက် ဆွဲယူလို့ ရပါတယ်..။
အပေါ်ပုံလေးအတိုင်း ဖြတ်ထားပြီးသား video ဖိုင်လေး ၂-ခုကို ဆက်ပေးပြီးရင်တော့ အဲ့ဒီဆက်ထားတဲ့ အပိုင်း ၂-ခု ကြားမှာ video effect လေးတခုကို ကြည့်လို့ကောင်းအောင် ထည့်ပေးဖို့လိုပါတယ်..။ ဒါကြောင့် အောက်ပုံလေးအတိုင်း Effects တွေရှိတဲ့နေရာကို သွားပြီး effect တခုကို မောက်စ်နဲ့ဆွဲယူထည့်ပေးလိုက်ပါတယ်..။
အပေါ်ပုံအတိုင်း effect လေးတခု video ၂-ခု ကြားမှာ ထည့်ထားပြီးရင်တော့ Modify ကို နှိပ်ပြီး အနည်းငယ် ပြောင်းပေးလိုက်ပါ..။ အချို့ Effects တွေက Modify လို့ရပေမယ့် တချို့ Effects တွေကျပြန်တော့ ပေးထားတဲ့အတိုင်းပဲ အသုံးပြုလို့ ရတာပါ..။ Modify လို့ မရပါဘူး..။ ကျနော်ရွေးထားတဲ့ effect လေးကို အောက်ကပုံလေးအတိုင်း cross ကိုပြောင်းပြီး OK နဲ့ Modify ပေးလိုက်ပါတယ်..။
အပေါ်ပိုင်းပုံနဲ့ယှဉ်ကြည့်ရင် မသိမသာလေး ပြောင်းလဲသွားတာကို မြင်ရပါလိမ့်မယ်..။ Effect ကို Modify ပြီးရင်တော့ အောက်ကပုံလေးအတိုင်း အဲ့ဒီ Effect ထည့်ပြီး ဆက်ထားတဲ့ video ဖိုင်လေး ၂-ခုနေရာကို play ကြည့်ခြင်းဖြင့် ဒီ effect လေးရဲ့ အသုံးဝင်ပုံ အလုပ်လုပ်ပုံတွေကို သိရှိရမှာဖြစ်ပါတယ်..။
ဒီနေ့ပိုစ့် အပိုင်းတစ် ကတော့ ဒီလောက်ပါပဲ..။ နောက်နေ့မှာ သီချင်း mp3 or wav ဖိုင် ထည့်တာနဲ့ သီချင်းစာသားတွေ ဖန်တီးထည့်တာတွေကို လေ့လာခါစ စာဖတ်သူများ လုပ်တတ်အောင် ဆက်လက် ဖေါ်ပြပေးသွားပါအုန်းမည်..။ အားလုံးပဲ လေ့လာရင်း အလွယ်တကူ တတ်မြောက်နိုင်ကြပါစေ..။
Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-နှစ်
မနေ့က လေ့ကျင့်ခန်း အပိုင်း(၁) ပိုစ့်မှာ video MP4 ရဲ့ အသံနဲ့ရုပ်တွေကို ခွဲထုတ်နည်း၊ video တွေရဲ့ လိုချင်တဲ့အပိုင်းလေးကိုပဲ ဖြတ်ယူနည်း၊ Effects တွေနဲ့စာသားတွေ ထည့်သုံးတဲ့အခါ Preview နဲ့ ကြည့်နည်း၊ Effects တွေကို video နှစ်ခုကြားမှာ ဆွဲထည့်နည်းတွေကို ဖေါ်ပြ ရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်..။
ဒီနေ့ လေ့ကျင့်ခန်း အပိုင်း(၂) မှာတော့ Screen အမြင်သေးနေတဲ့ video တွေကို ကြီးအောင် ချဲ့ထုတ်နည်း၊ ပိုသေးအောင် ချုံနည်း၊ အသံဖိုင် MP3 or wav ဖိုင်ကို မလိုချင်တဲ့နေရာ ရှေ့နဲ့နောက်ပိုင်းတွေ ဖြတ်ထုတ်နည်း၊ အသံနဲ့ ရုပ်ဖိုင်တွေရဲ့ ရှေ့နဲ့နောက်ပိုင်း အဝင်၊အထွက် Fade in / Fade out တွေကို အသုံးပြုပြီး ဖြေးဖြေးခြင်း မှိတ်ရာမှ လင်းလာအောင်၊ အသံတိုးရာမှ ဖြေးဖြေးခြင်း ကျယ်လာအောင် ပြုလုပ်နည်း၊ အသံကျယ်ရာမှ ဖြေးဖြေးခြင်း တိုးပြီး ပျောက်သွားအောင်လုပ်နည်း၊ video ရုပ်ဖိုင်ကို လင်းနေရာမှ အသံနှင့်အတူ ဖြေးဖြေးခြင်း မှေးမှိန်ပျောက်ကွယ်သွားအောင်လုပ်နည်း၊ Save Project ရဲ့ အသုံးဝင်ပုံနှင့် သိမ်းနည်း စတဲ့ အသုံးပြုနည်းတွေကို အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ရှင်းပြပေးထားပါတယ်..။ မနေ့က ပိုစ့်မှာ 300 MB စီနဲ့ အပိုင်းသုံးပိုင်း ခွဲတင်ပေးထားတဲ့ Power Director 11 ကို ဒီလေ့ကျင့်ခန်း အပိုင်း(၂) ပိုစ့်ကနေလည်း ဒေါင်းယူလို့ရအောင် လင့်ပြန်ချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဒီလေ့ကျင့်ခန်း အပိုင်း(၂) ပိုစ့်ကို ဆက်လက်လေ့လာ သင်ယူနိုင်ပါပြီ..။
Cyberlink Power Director 11
Part-1
Part-2
Part-3
![https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm9TyU9kc4kMbgERDQNq3kj20jueVABjDyg6ITwG9Ujtotq6ODe4inoWoiMzwkJPNjC3Q55XlTuO3Z_cD9C8GrHB20wCUjJ_oqBCHmL9jEnQWUkIYOHsQz7TRz6xpqaVjEMO5C_JKQFyJt/s1600/Snap74.png](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm9TyU9kc4kMbgERDQNq3kj20jueVABjDyg6ITwG9Ujtotq6ODe4inoWoiMzwkJPNjC3Q55XlTuO3Z_cD9C8GrHB20wCUjJ_oqBCHmL9jEnQWUkIYOHsQz7TRz6xpqaVjEMO5C_JKQFyJt/s640/Snap74.png)
အောက်ကပုံမှာ မြင်ရတဲ့အတိုင်း မောက်စ်မျှားလေး ပုံစံပြောင်းသွားရင် ဘေးကို ဆွဲကြီးလို့ ရပါပြီ..။
Part-1
Part-2
Part-3
အပေါ်က အပိုင်း ၃-ပိုင်းကို ဒေါင်းယူပြီးရင်တော့ part-1 ကနေ ဖိုင်ဖြည်ချလိုက်ရင် Cyberlink Power Director 11 ကို ရရှိ အသုံးပြုနိုင်ပါပြီ..။ Install ထည့်တဲ့အခါမှာလည်း Setup ဖိုင်ကို ထည့်ပြီးမှ Update ဖိုင်လေးကို ထပ်ထည့်ပေးဖို့ မနေ့က အပိုင်းတစ်ပိုစ့်မှာ ပုံလေးနဲ့ ပြပေးထားပြီးပါပြီ..။
မနေ့က အပိုင်း(၁)ပိုစ့်ကို ဒီနေရာကနေ ပြန်ဆက်ကြရအောင်... အောက်ကပုံလေးအတိုင်း မိမိတို့ ဖြတ်ဆက်လုပ်ထားတဲ့ video ဖိုင်လေးတွေရဲ့ Screen ဖေါ်မတ် အကျယ်က တခုနဲ့တခု မတူတတ်ပါဘူး..။ ဒါကြောင့် video တွေရဲ့ Screen အကြီး၊အသေး ကြည့်ရညီအောင် ၊ Screen သေးနေတဲ့ video ဖိုင်လေးကို တစ်ချက်တောက်လိုက်ပါ..။ အောက်ကပုံမှာ မြင်ရသလို ဘောင်တန်းလေး ပါတ်လည် ပေါ်နေရင် အဝါရောင် အဝိုင်းလေးတွေနဲ့ပြထားတဲ့ ဒေါင့်နေရာလေးတွေကို မောက်စ်နဲ့ဖိဆွဲပြီး လိုသလို ကြီး၊သေး ဆွဲချဲ့၊ချုံ့လို့ ရပါတယ်..။
![https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm9TyU9kc4kMbgERDQNq3kj20jueVABjDyg6ITwG9Ujtotq6ODe4inoWoiMzwkJPNjC3Q55XlTuO3Z_cD9C8GrHB20wCUjJ_oqBCHmL9jEnQWUkIYOHsQz7TRz6xpqaVjEMO5C_JKQFyJt/s1600/Snap74.png](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm9TyU9kc4kMbgERDQNq3kj20jueVABjDyg6ITwG9Ujtotq6ODe4inoWoiMzwkJPNjC3Q55XlTuO3Z_cD9C8GrHB20wCUjJ_oqBCHmL9jEnQWUkIYOHsQz7TRz6xpqaVjEMO5C_JKQFyJt/s640/Snap74.png)
အောက်ကပုံမှာ မြင်ရတဲ့အတိုင်း မောက်စ်မျှားလေး ပုံစံပြောင်းသွားရင် ဘေးကို ဆွဲကြီးလို့ ရပါပြီ..။
အောက်ကပုံလေးလို TV ဆိုဒ် အကျယ်လောက်ပဲ ထားလို့ရသလို၊ ထပ်ကြီးချဲ့လိုရင်တော့ အောက်ဆုံး ပုံလေးတွေအတိုင်း ဆက်ပြီး ကြီးလို့ ရပါသေးတယ်..။
အောက်ကပုံလေးကတော့ မိမိတို့ Screen ဆွဲကြီးလိုက်တဲ့ video ကို ၊မိမိတို့ ပေါ်စေချင်တဲ့ နေရာ အပေါ်၊ အောက် ၊ ဘေး စတဲ့နေရာတွေ ပေါ်လာအောင် မျှားနီပြထားတဲ့အတိုင်း မောက်စ်မျှားလေးနဲ့ ဖိဆွဲပြီး ရွှေ့ယူ ၊ ဆွဲယူလို့ ရပါတယ်..။ အပေါ်ပုံနဲ့ အောက်ပုံ ယှဉ်ကြည့်ပါ..။
ဒီအဆင့် အပေါ်ပုံနဲ့အောက်ကပုံတွေမှာတော့ မိမိတို့ရဲ့ video ကို Screen ဆွဲကြီးပြီးမှ စိတ်တိုင်းမကျလို့ ပြန်သေးလိုတဲ့အခါ အသုံးဝင်ပါတယ်..။ ဒါကြောင့် အပေါ်ပုံအတိုင်း ပထမ Fit နေရာကနေ 50% ပြောင်းထားလိုက်ရင် အောက်ပုံလေးအတိုင်း ချုံ့သေးပေးတာကို မြင်ရမှာ ဖြစ်ပါတယ်..။ အဲ့လို သေးသွားမှ အဝါရောင်အဝိုင်းလေးတွေ နေရာကို ဖိဆွဲပြီး Screen ကို လိုသလို ပြန်သေးယူလို့ ရပါတယ်..။ အောက်က ဒုတိယပုံလေး အတိုင်း သေးယူပါတယ်..။
video တွေရဲ့ Screen အကျယ်ကို မိမိတို့ စိတ်တိုင်းကျ ပြောင်းထားပြီးရင်တော့ အပေါ်ပုံလေးအတိုင်း မူရင်း Fit နေရာ ပြောင်းထားပြီး ပြန်ချိန်တာ ပိုကောင်းပါတယ်..။ ဒါမှ တခြား video ဖိုင်တွေရဲ့ Screen အကျယ်နဲ့ ညီအောင် ချိန်လို့ လွယ်သွားမှာ ဖြစ်ပါတယ်..။
နောက်တခု အရေးကြီးတဲ့အပိုင်းကတော့.. မိမိတို့ video တွေ Edit လုပ်တဲ့အခါတိုင်း မမေ့ရမယ့် ၊ အမြဲတမ်း သတိတရ ပြုလုပ်ရမယ့် အပိုင်းကတော့.. အောက်ပုံလေးမှာ ပြပေးထားတဲ့ Save Project နဲ့ မိမိတို့ ဖြတ်ဆက်လုပ်လက်စ video တွေ၊ သီချင်းတွေနဲ့ ဓါတ်ပုံတွေ၊ Effects တွေနဲ့ စာသားတွေ စသဖြင့် အားလုံးကို Edit လုပ်နေရင်းနဲ့ မကြာမကြာ Save ပေးထားဖို့ လိုပါတယ်..။ အကြောင်းကတော့ ဘယ်ကွန်ပျူတာမှာပဲဖြစ်ဖြစ် video edit ပြုလုပ်နေရင်းနဲ့ ဆော့ဝဲလ်သော်လည်းကောင်း၊ ကွန်ပျူတာသော်လည်းကောင်း၊ ထိုးရပ် ပိတ်ကျသွားတတ်လို့ပါပဲ..။ အဲ့လိုဖြစ်သွားခဲ့ရင်တော့ မိမိတို့ အချိန်ပေးပြီး video edit လုပ်ထားတွေအားလုံး ဆုံးရှုံးသွားတတ်ပါတယ်..။ အဲလို မဆုံးရှုံးအောင် ဒီ Save Projet နေရာလေးမှာ Save လုပ်ပေးထားခြင်းဖြင့် မိမိတို့ ရောက်လက်စ နေရာကနေ ဆက်ပြီး ရှေ့ကို ဆက်သွားလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် Save Project ကို အောက်ကပုံလေးအတိုင်း Save ပါတယ်..။ File >> Save Project As.. ကနေ သွားပါ..။ Project တခုကို နာမည်ပေးပြီး တခါ Save ထားပြီးရင်တော့၊ အဲဒီ Project ထဲမှာ နောက်ပိုင်းဆက်လုပ်တဲ့ video edit တွေကို ထပ်ပြီး နာမည်သစ် Project အသစ်တခုနဲ့ save စရာမလိုပဲ၊ Save Project As.. နေရာရဲ့ အပေါ်မှ Save Project စာသားလေးကိုသာ တချက်ထပ်ကလစ်ပေးခြင်းဖြင့် အရင် နာမည်ပေး Save ထားခဲ့တဲ့ Project ထဲမှာပဲ ထပ်ပေါင်း Save လုပ်ပြီးသား ဖြစ်ပါတယ်..။
အပေါ်ပုံလေးအတိုင်း Project ကို နာမည်ပေးပြီး Save ထားလိုက်ပါပြီ..။ ဒီနေရာမှာ တခုအရေးကြီးတာက မိမိတို့ Video Edit လုပ်ထားတဲ့၊ ယခုလက်ရှိပြုလုပ်နေတဲ့ Video ၊ သီချင်း၊ ဓါတ်ပုံတွေကို ဟို ဖိုင်ထဲရွှေ့၊ ဟိုနေရာပြောင်း လုပ်လို့ မရပါဘူး..။ အဲလိုလုပ်လိုက်ရင်တော့ အခု Save ထားတဲ့ Project ကို ပြန်ထုတ်သုံးတဲ့အခါမှာ အဆင်မပြေပဲ ရွှေ့လိုက်၊ ပြောင်းလိုက်တဲ့ video တွေ Projects ထဲမှာ မရှိတော့ပါဘူး..။ ပျောက်ကုန်ပါတယ်..။ ဒါကြောင့် ဒီတခုကိုလည်း သတိထားရမှာ ဖြစ်ပါတယ်..။
အောက်ကပုံ အဆင့်မှာတော့ ကျနော်တို့ ဖြတ်ဆက်လုပ်ထားတဲ့ video ဖိုင်လေးကို နောက်ခံသီချင်း ထည့်ပြီး သီချင်းကို လိုသလို အနည်းငယ် ပြုပြင်ဖို့လည်း လိုပါတယ်..။ အောက်ကပုံအတိုင်း သီချင်းကို မောက်စ်နဲ့ဖိဆွဲပြီး Time Line 1. ရဲ့ အသံပုံ၊စပီကာပုံလေးရှိတဲ့ လိုင်းနေရာကွက်လေးထဲ ဆွဲထည့်လိုက်ပါတယ်..။
ပြီးရင်တော့ အသံရဲ့ လှိုင်းလေးတွေ အသွားအလာကို အပေါ်နဲ့ အောက်ပုံလေးအတိုင်း အကြီးဆွဲချဲ့ ကြည့်ပါတယ်..။
ဒီအဆင့်မှာတော့ ကျနော်တို့ မလိုတဲ့၊ အသံမပါတဲ့ အပိုင်းကို ဖြတ်ထုတ်မှာ ဖြစ်လို့ အပေါ်နဲ့အောက်ပုံလေးအတိုင်း Play / Pause နဲ့ အသံစပေါ်တဲ့နေရာကို ၂-ခါ ၃-ခါ နားထောင်ပြီး စစ်ပါတယ်..။ တိကျသေချာပြီးဆိုမှ အောက်ကပုံလေးအတိုင်း Split ကိုနှိပ်ပြီး ဖြတ်လိုက်ပါ..
Time Line ထဲမှာ ရှိတဲ့ video တွေ သီချင်းတွေ နဲ့ ဓါတ်ပုံ၊ Effects ဘာပဲဖြစ်ဖြစ် မိမိပြုလုပ်မယ့် တခုကို ရှေ့၊နောက် သေချာရွေးပြီး မောက်စ်နဲ့တချက်ကလစ်ပါ..။ အပေါ်နဲ့အောက်ပုံမှာ မြင်ရတဲ့အတိုင်း အပြာရောင်နဲ့ ပြထားတဲ့ အပိုင်းကို Edit သို့မဟုတ် ဖယ်ထုတ်ပစ်မှာ ဖြစ်လို့ ရှေ့ပိုင်းလား နောက်ပိုင်းလား ဆိုတာကို သေချာ ရွေးပါတယ်..။ အခုဒီပုံမှာ ကျနော်မလိုတဲ့အပိုင်းက ရှေ့ပိုင်းဖြစ်လို့၊ အောက်ကပုံလေးအတိုင်း ဖြတ်ထားတဲ့ နေရာမှ ရှေ့ပိုင်း အပိုင်းလေးကို တချက်ကလစ်ပြီး အမှိုက်ပုံးကို ထပ်ကလစ်ပါတယ်..။
အပေါ်ပုံအတိုင်း ဆက်လုပ်ပေးလိုက်ရင်တော့ ကျနော်ဖြတ်ထုတ်ပစ်လိုက်တဲ့အပိုင်းလေး မရှိတော့ပါဘူး..။ အောက်ကပုံမှာလည်း အပေါ်ပိုင်း ပုံတွေအတိုင်းပဲ၊ သီချင်းရဲ့ နောက်ပိုင်း ပြီးတဲ့အပိုင်းမှာ မလိုအပ်တဲ့ အချိန်တွေ ၊ အသံမပါတဲ့အချိန်တွေ အများကြီး ပိုနေပါတယ်..။ အဲဒါတွေကိုလည်း အပေါ်ကနည်းအတိုင်း ဖြတ်ထုတ်ပစ်ဖို့ လိုပါတယ်..။ ဒါကြောင့် Time Line ပေတံလေးနဲ့ သီချင်းရဲ့ နောက်ပိုင်း အသံလှိုင်းလေး ဆုံးခါနီးထိ ဆွဲသွားပြီး play/pause နဲ့ အသံရဲ့ အဆုံးကို တိကျသေချာအောင် ၂-ခါ ၃-ခါ နားထောင်ပါတယ်..။ ပြီးမှ Split နဲ့ ဖြတ်ထုတ်ပါ..။
အပေါ်နဲ့အောက်ပုံလေးအတိုင်း Split >> Remove အမှိုက်ပုံလေးနဲ့ မလိုတဲ့အပိုင်းကို သေချာ ကလစ်ပြီး ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။ နောက်တခုကတော့ တခါတရံမှာ မှားဖြတ်ပစ်လိုက်မိတဲ့အခါမျိုး ရှိတတ်ပါတယ်..။ အဲ့လိုဖြစ်သွားရင်တော့ Undo နဲ့ နောက်ပြန်ဆုတ်လို့ ရပါတယ်..။ Ctrl+Z သို့မဟုတ် Menu ဘားတန်းမှ Edit >> Undo (Ctrl+Z) ကို နှိပ်ပြီး မှားဖျက်တဲ့အပိုင်းကို နောက်ပြန်ဆုတ်ယူလို့ ရပါတယ်..။
နောက်တဆင့်ကတော့ ကျနော်တို့ သီချင်းဖိုင်ရဲ့ အဆုံးပိုင်းလေးကို ဖြေးဖြေးခြင်း မှိန် တိုးပြီး ပျောက်သွားအောင် ပြုလုပ် ဖန်တီးမယ့် အပိုင်းပဲ ဖြစ်ပါတယ်..။ ဒါကြောင့် အောက်ကပုံလေးအတိုင်း အသံဖိုင်ရဲ့ ဆုံးခါနီး ၄-၅ စက္ကန့်အလိုမှာ၊ အောက်ကပုံလေးအတိုင်း အလယ်မျဉ်းမှာ တချက်ကလစ်ပါ..။
ပြီးရင် သီချင်း အဆုံးမှာ တချက်ထပ်ကလစ်ပါ..။ ဒီနေရာမှာ တချက်ကလစ်လိုက်တာနဲ့ အဝါရောင် ဝိုင်းပြထားတဲ့အတိုင်း အစက်ကလေး တခု ပေါ်နေမှာ ဖြစ်ပါတယ်..။ ဒါဟာ အဲဒီနေရာကနေ စပြီး အလုပ်လုပ်မယ်ဆိုတာကို သတ်မှတ်ပေးလိုက်တာပါ..။ ဆက်ကြည့်ပါဗျာ..။ မျှားနီပြထားတဲ့အတိုင်း အသံဖိုင် သီချင်း အဆုံးမှာ တချက်ထပ်ကလစ်ပေးပါ..။
ပြီးရင်တော့ နောက်ဆုံးကလစ်လိုက်လို့ ပေါ်လာတဲ့ အစက်အလေးကို အောက်ပုံ ၂-ပုံ အတိုင်း မောက်စ်နဲ့ ဖိဆွဲပြီး Volume 0 ထိရောက်အောင် အောက်ထိဆွဲချသွားလိုက်ပါ..။
ပြီးသွားရင်တော့ အပေါ်ပုံအတိုင်း ကြိုးတန်းလေး စောင်းနေတဲ့အတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ အဲနေရာလေးကိုပဲ play ကြည့်ခြင်းဖြင့် အသံ Time Line ရဲ့ အလုပ်လုပ်ပုံကို သိရမှာ ဖြစ်ပါတယ်..။ Volume 50 ရှိတဲ့ ပထမ အစက် ကို မောစ်နဲ့ ဖိဆွဲပြီး ရှေ့တိုး နောက်ဆုတ် ပြုလုပ်ကြည့်ခြင်းဖြင့် အသံ အဆုံးပိုင်းကို ၄-စက္ကန့်၊ ၆-စက္ကန့် စသဖြင့် ချိန်ယူ ညှိယူလို့ ရမှာ ဖြစ်ပါတယ်..။
နောက်တဆင့် အောက်ကပုံအဆင့်ကတော့ ကျနော်တို့ ဖြတ်ဆက် ပြုလုပ်ထားတဲ့ video လေးတွေရဲ့ နောက်ပိုင်း အပိုင်းလေး ၄-၅ စက္ကန့်လောက်ကို လင်းရာမှ မှေး မှိန် ပျောက်ကွယ်သွားအောင် ပြုလုပ်ပြမယ့် နည်းပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ကျနော် ပြုလုပ်မယ့် video ဖိုင်လေးကို တချက်ကလစ်ပြီး (အောက်ကပုံမှာ အဝါရောင်ပြထားပါတယ်။) ပြီးဆုံးခါနီးအပိုင်းလေး နေရာမှာ Time Line ပေတံလေးကို ရပ်ထားပါတယ်..။ ပြီးရင်တော့ မျှားနီနဲ့ ဝိုင်းပြထားတဲ့ Modify ကို တချက်ကလစ်ပြီး ဒီ video ဖိုင် အပြီးပိုင်းလေးကို ပြုပြင်မှာပါ..။ Modify ကို နှိပ်လိုက်ပါတယ်..။
အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် video ဖိုင်ရဲ့ ပြီးဆုံးတဲ့အပိုင်းကို ပြုလုပ်မှာဖြစ်လို့ မျှားနီနဲ့ပြထားတဲ့ Enable fade out မှာ အမှန်ခြစ်ပေးလိုက်ပါတယ်..။ တကယ်လို့ video ဖိုင်ရဲ့ အစပိုင်းမှာ ဖြေးဖြေးခြင်း မှောင်ရာမှ လင်းလာအောင် ပြုလုပ်ခြင်တယ်ဆိုရင်တော့ မျှားအဝါ ပြထားတဲ့ နေရာမှာ အမှန်ခြစ် တပ်ပေးလိုက်ပါ..။ အောက်ကပုံလေးအတိုင်း အဝါရောင် အစက်ကလေး ၂-ခု ပေါ်လာမှာ ဖြစ်ပါတယ်..။ အဲဒါကို Key Frame လို့ ခေါ်ပါတယ်..။ နောက်ဆုံး Key Frame ကို ဒီအတိုင်းထားပြီး ရှေ့ Key Frame လက်ပုံလေးထောက်ပြထားတဲ့ အဝါအစက်အလေးကို မျှားနီပြထားတဲ့အတိုင်း ရှေ့ကို အနည်းငယ် ရွှေ့ယူလိုက်ပါတယ်..။ ဒါကတော့ play ကို နှိပ်ပြီး video ရဲ့ အဆုံးပိုင်း အချိန် အတို အရှည် ၄-စက္ကန့် ၊ ၆-စက္ကန့် စသဖြင့် ချိန်ယူတတ်ဖို့ ပြပေးထားတာ ဖြစ်ပါတယ်..။
အပေါ်ပုံအတိုင်း play နဲ့ video ကို ကစားကြည့်ပါ..။ စိတ်တိုင်းကျဖြစ်သွားရင် Save လိုက်ပါ..။ အောက်ကပုံလေးအတိုင်း ဆက်ပေါ်နေမှာ ဖြစ်ပါတယ်..။ အဲမှာလည်း play/pause နဲ့ ပြန်ချိန်ယူလို့ ရသွားပါပြီ..။ video နေရာမှာ မျှာအဝါပြထားသလို ကြိုးတန်းလေး ပေါ်နေမှာ ဖြစ်ပါတယ်..။
တကယ်လို့ video ရုပ်ထွက်မှာ သီချင်းအသံ မှေးမှိန်ပျောက်သွားတဲ့အတိုင်း ညီညာမှု မရှိသေးဘူးဆိုရင်တော့.. အောက်ဆုံးပုံလေးမှ မျှားနီပြထားတဲ့ အစက်ကလေး ၂-ခုကို တခုစီ ရှေ့တိုး နောက်ဆုတ် ရွှေပြောင်း ပြုလုပ်ပေးခြင်းဖြင့် ပြန်လည် ချိန်ယူလို့ ရမှာ ဖြစ်ပါတယ်..။
ဒီနေ့ပိုစ့် လေ့ကျင့်ခန်း အပိုင်း(၂) ကိုတော့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ..။ ဒါကြောင့် အပေါ်ပိုင်းမှာ ပုံလေးနဲ့ ပြပေးခဲ့တဲ့အတိုင်း၊ နာမည်ပေးသိမ်းထားခဲ့တဲ့ Project ထဲမှာ နောက်ထပ်အသစ် edit ထပ်လုပ်လိုက်တဲ့ အပိုင်းတွေကို Save Project နဲ့ သိမ်းထားလိုက်ပါပြီ..။ စာဖတ်သူများလည်း နောက်ရက် လေ့ကျင့်ခန်း အပိုင်း(၃) ကို ဆက်ပြီး Edit လုပ်ဖို့ အဆင်ပြေအောင်၊ ကျနော့်လိုပဲ Project လေးနဲ့ Save ထားဖို့ သတိပေးလိုက်ပါရစေ..။ အားလုံးပဲ လေ့လာရင်း တတ်မြောက် ပျော်ရွှင်နိုင်ကြပါစေ..။
မူရင်းလင့် - http://lwinminbo.blogspot.com
0 အကြံပြုစာရေးရန်:
Post a Comment